အရှေ့တောင် အာရှမှာ

အဖေ မကြာမကြာ ပြောဖူးတယ်။ အရှေ့တောင်အာရှမှာ မြန်မာပြောတဲ့ အင်္ဂလိပ်စကား
မြန်မာရေးတဲ့ အင်္ဂလိပ်စာကို တခြားဘယ်နိုင်ငံကမှ မမီဖူးတဲ့။ စိတ်ထဲမှာ
စွဲလို့နေပါရော။ သူငယ်ချင်း တွေကိုလည်း ပြောပြ၊ ဆွေမျိုးတွေကိုလည်း
ပြောပြ။ မောနိုင်ပေါင်၊ ယုံလောက်အောင်လည်း ကိုယ်က အင်္ဂလိပ်စကားကို
တော်တော်ပီပီကြီး ပြောပြရတာပေါ့။ ကိုယ်တို့ ငယ်ငယ်တုန်းက ကြည့်ရတဲ့
ရုပ်ရှင်တွေထဲမှာ မင်းသားတွေပြောတဲ့ တချို့ အင်္ဂလိပ်စကားတွေကို အလွတ်ကို
ကျက်ထားရတာ။ ဆိုပါတော့ Guns of Navarone ဇာတ်ကားထဲက ဂရေဂရီပက် ပြောတဲ့ It
is up to your neck တို့၊ The last day of the respite given to us by
the senate is drawing nigh. တို့ ဆိုတာတွေကိုလည်း ဆိုင်ဆိုင်မဆိုင်ဆိုင်
ရွတ်ရွတ်ပြနေရတာပေါ့။ အဲဒီတုန်းက ခေတ်စားနေတဲ့ လင်ဂွာဖုန်း
အင်္ဂလိပ်စကားပြော သင်တန်းဆိုတာလည်း ပြေးတက်လိုက်ရတာပါပဲ။
How are you?
Quite well, Thank you.
ဆိုတာတွေကို ကက်ဆက်ခွေထဲကလို အာလုပ်သံကြီးနဲ့ ပြော၊ သူငယ်ချင်းတွေကလည်း
သဘောကျ၊ တော်တော်နိပ်နေတာပေါ့။ နိပ်အောင်လည်း ကိုယ်က ကြိုးစားရတာကိုး။
ဘာပဲဖြစ်ဖြစ်ပေါ့လေ အရှေ့တောင်အာရှမှာ မြန်မာဟာ အင်္ဂလိပ်စာ အတော်ဆုံးပါ။

သားကို မကြာမကြာ ပြောပြရတယ်။ အရှေ့တောင် အာရှမှာ အဖေတို့ဟာ …
အရှေ့တောင် အာရှမှာ အဖေတို့ဟာ …
အရှေ့တောင် အာရှမှာ …
အရှေ့တောင် …

သား ။ ။ အဖေ အဲဒါက တကယ်လား။

အဖေ ။ ။ အေးပေါ့ကွ မင်းတို့ အဖိုးတို့ လက်ထက်ကတည်းကပဲ။ ဒီအကြောင်း
ပြောရတော့မယ်ဆို ကိုယ်တို့ အလိုလို တက်ကြွလာတာ အမှန်ပဲ။
မင်းအဖိုးတို့တုန်းက အင်္ဂလိပ်လို ဆဲချင်လို့ အင်္ဂလိပ်စာတော်အောင်
ကြိုးစားကြတာ။ အဖေတို့ လက်ထက်မှာ ဒီအမွေကို ဆက်ထိန်းတာပဲ။
မင်းတို့အလှည့်မှာ ဒီ့ထက်ကို ပိုရဦးမှာပေါ့လို့ တက်တက်ကြွကြွကြီးကို
ရှင်းပြလိုက်တာပေါ့။
သားရဲ့ မျက်နှာက တွေတွေကြီးဖြစ်နေတယ်။ တခုခုကို စဉ်းစားနေသလိုပဲ။

သား ။ ။ အဖေပြောတာ ဟုတ်လားတော့ မသိဘူး။

သူ့စကားက ကိုယ့်စကားကိုပဲ မရေမရာသယောင်ယောင်။ ဘာမှ ပြန်မပြောဘဲ
သူဆက်ပြောလာမယ့် စကားကိုပဲ နားထောင် နေလိုက်ရတယ်။

သား ။ ။ ကျနော်တို့ ကျောင်းမှာ သင်တဲ့ဆရာတွေက မင်းတို့ အင်္ဂလိပ် စကားပြော
သိပ်ကောင်း တာပဲလို့ ချီးကျူးကြတယ်။

အဖေ ။ ။ ဒါပဲပေါ့ကွာ၊ အပွေးမြင်ရင် အပင်သိပါတယ်။ အရှေ့တောင် …

သား ။ ။ ခဏလေး အဖေ၊ ခက်နေတာက သူတို့က ကျနော်တို့ရဲ့ ဆရာတွေ ဖြစ်နေတယ်။
နောက်ပြီး သူတို့က စင်္ကာပူတွေ။

ပြောပြီးတာနဲ့ သားက ထထွက်သွားတယ်။

ကိုယ်လည်း ဘာပြန်ပြောရမှန်း မသိတော့ဘူး။

ဒီကောင်တွေ ဒီလိုပဲ နှိပ်စက်နေကျ။

သူတို့တွေ နိုင်ငံခြားသွားတုန်းက ကူညီခဲ့တဲ့ မိတ်ဆွေတွေ မြန်မာပြည်
လာလည်လို့တဲ့။ ယိုးဒယားဆိုင် YIN DEE မှာ ကျွေးချင်တယ်တဲ့။ ကိုယ်က
နှံ့နှံ့စပ်စပ် ရှိလို့တဲ့။ စကားပြောရအောင် လာခဲ့ပါဆိုပဲ။ အမှန်ကတော့
ဧည့်ခံရအောင်ပါ။ သူတို့ မိတ်ဆွေတွေ သိချင်တာမေးရင် သူတို့မှ လည်လည်
ပတ်ပတ် ပြန်မဖြေနိုင်တဲ့ဟာ။ ဟိုတခါကလည်း ဖြစ်ပြီးပြီလေ။ ဂျာမန်တွေ
လာတုန်းကပေါ့။ ထရိတ်ဒါးစ်မှာ နေ့လည်စာ ကျွေးတယ်လေ။ အဲသည်မှာ ဂျာမန်တွေက
ဘုရားအလောင်းတော် အကြောင်း မေးပါလေရော။ အိုးနင်းခွက်နင်း ဖြစ်ကြပါရောလား။
မရှူနိုင် မကယ်နိုင် ဖြစ်တော့မှ ကိုယ့်လာခေါ်တာလေ။

ဒီတခါတော့ ဟိုတခါလိုဖြစ်မှာ စိုးလို့ထင်ပါရဲ့။ တရက်ကြိုပြီး
အကြောင်းကြားတယ်လေ။ ကိုယ် ကလည်း ဒီလိုပွဲမျိုး စောင့်နေတာကလား။ ချိန်းတဲ့
အချိန်ထက် ဆယ်မိနစ်စောပြီး ရောက်အောင် သွားလိုက်တယ်လေ။ ဒီကောင်တွေ
တော်တော် ပျော်သွားတယ်။ ခုလာမယ့်သူတွေက မလေးရှား ကဆိုပဲ။ မြန်မာပြည်မှာ
ရုပ်ရှင်လုပ်ငန်း ကြော်ငြာလုပ်ငန်းတွေ လာလုပ်ချင်လို့ ဆိုပဲ။ ကိုယ်ကလည်း
ချက်ဆို ဗိုက်ကပ်နေတဲ့ဟာ၊ ကိုယ့်သူငယ်ချင်းတွေက မလေးရှားတွေရဲ့
ကိုယ်စားလှယ် လုပ်ချင်နေ ကြတာ ဖြစ်ရမယ်။

ကိုယ်စားလှယ်ဆိုတာ လူကြားကောင်းအောင် ပြောရတာ၊ အမှန်ကတော့ ပွဲစားပါပဲ။
ရုပ်ရှင်မင်းသား လူမင်းနဲ့ မလေးက Add Audio Company နဲ့ အလုပ်လုပ်တာ
အောင်မြင်သွားတော့ ဒီမလေးတွေ ကလည်း ဈေးကွက်ရှာ ထွက်လာကြတာနေမှာပေါ့။
ကိုယ်ကတော့ သိပ်အားမရှိပါဘူး။ အရှေ့တောင် အာရှနိုင်ငံသားတွေနဲ့
အင်္ဂလိပ်လို သိပ်မပြောချင်ဘူး၊ ပီကလည်း မပီ၊ သွက်ကလည်း မသွက် ၊ ချောကလည်း
မချော၊ ကိုယ်ပါရောပြီး ပျက်ချင်ချင်ရယ်၊ ဒါပေမယ့် သူငယ်ချင်းတွေက
ကိုယ့်ကို အားကိုးနေကြတော့ မခက်လား။ တတ်နိုင်ပါဘူးလေ၊ တတ်တဲ့ပညာ
မနေသာလို့ဆိုတယ်
မဟုတ်လား။

တကယ့်တကယ် ရောက်လာတော့ မလေးတရုတ်က နှစ်ယောက်၊ စင်္ကာပူတရုတ်က တယောက်၊
မလေးကုလားက တယောက် ပေါင်းလေးယောက်။ မွန်ရည်ကြပါတယ်။ ကိုယ့်ကိုလည်း လေးလေး
စားစားနဲ့ပါ။ ကိုယ်ကလည်း သူတို့တတွေ ကြိုက်တတ်တဲ့ ပင်လယ်စာတွေ သေသေချာချာ
မှာပေးလိုက်ပါတယ်။ အထူးသဖြင့်ကတော့ ဂဏန်းပျော့ပေါ့၊ ငနဲတွေ တော်တော်
သဘောကျသွားတယ်။
“It’s a good food.” ဆိုတာကို တွင်တွင်ကြီး ပြောနေတော့တာပါပဲ။ ကဲ
အလုပ်အကြောင်း စလိုက်ရအောင်ဆိုတော့ ဒီလူတွေ အစားအသောက် ဘေးချ။
မျက်လုံးတွေ အရောင်တောက် လာကြတယ်။

(ခင်ဗျားတို့ မြန်မာနိုင်ငံမှာ ဇာတ်လမ်းအတွဲတွေ ရိုက်ကြပါသလား)

ကိုယ် ကြောင်သွားတယ်။ မလေးတရုတ်ရဲ့ ပါးစပ်ကနေ မြန်မာစကားသံ ပီပီကြီး
ထွက်လာပါ
ကလား။

(တိပ်ကနေ ဖလင်ပေါ်ကို ပြောင်းတဲ့အပေါ် စိတ်ဝင်စားမှု ရှိကြပါရဲ့လား)

ကိုယ်တင် မကပါဘူး၊ သူငယ်ချင်းတွေပါ ကြောင်သွားကြပါတယ်။ နောက်တော့
သဘောကျသွားကြပါလေရော။ နောက်တော့ စကားသင်္ဘော ဆောက်ကြပါလေရော။ နောက်တော့
ကိုယ့်ကို မေ့သွားကြပါလေရော။ နောက်တော့ … နောက်တော့ … နောက်တော့ …
နောက်တော့ …။

စားလို့ သောက်လို့လည်း ပြီးရော၊ ကာရာအိုကေ ဆိုကြရအောင်တဲ့။ ကိုယ်
အသက်ပြန်ဝင်လာတယ်၊ ငယ်ငယ်ကတည်းက ကျောင်းမှာ အဆိုကောင်း
ပွဲတောင်းခံခဲ့ရတဲ့ ကိုယ့်အတွက် အစွမ်းပြရမယ့် ပွဲပဲပေါ့။ CCR ပဲလား
Elton John လား Sting ပဲလား Aron carte မလေးသီချင်းတွေပဲ ဟဲပြရမလား။
ရင်ကော့ပြီးတော့ကို ကာရာအိုကေခန်းထဲ ၀င်သွားတော့တာပေါ့။
စားပွဲပေါ်ချထားတဲ့ သီချင်းစာအုပ်တွေထဲက အင်္ဂလိပ်သီချင်းစာအုပ်
ကောက်ကိုင်လိုက်ရင်း ဧည့်သည်တွေရဲ့ အရိပ် အကဲကို ကြည့်နေရတယ်။ ဟုတ်တယ်လေ၊
သူတို့ကို ဦးစားပေးရမှာပေါ့။

စင်္ကာပူတရုတ်က စားပွဲထိုးကို မေးဆတ်ပြီး လှမ်းခေါ်တယ်။ သီချင်းစာအုပ်
တနေရာကို လက်ညှိုး ညွှန်ပြတယ်။ စားပွဲထိုးက ကျနော်တို့ကို လှမ်းကြည့်တယ်။
သူ့မျက်နှာမှာ အရောင်တမျိုး ပြေးနေတယ်။ ထိုင်နေတဲ့ နေရာချင်း
နည်းနည်းလှမ်းနေတော့ သူတို့ ဘာပြောကြမှန်း ကိုယ်မသိဘူး။ ဒါပေမယ့်
စားပွဲထိုးထွက်သွားပြီး တအောင့်အကြာ မော်နီတာ တီဗွီပေါ်မှာ နဂါးနီဆိုတဲ့
စာတန်းကြီး ပေါ်လာတော့ ကိုယ်လည်း မှင်သက်မိသွားတယ်။

(ဆင်းရဲခြင်း … လွတ်ကင်းအောင် … လမ်းပြဆောင်ပါမည် …)

ကိုယ့်သူငယ်ချင်းတွေကလည်း လက်ခုပ်လက်ဝါးတီးလို့ အားပေးကြပါလေရော။
စားပွဲထိုးကလေးနဲ့ အတူ ဆိုင်မန်နေဂျာလား ပိုင်ရှင်လားမသိ ၀င်လာပြီး
ချီးမွမ်းခန်းတွေဖွင့် လက်ခေါက်တွေ ဘာတွေများတောင် မှုတ်လို့ရယ်။
ကိုယ်လည်း မနေနိုင်တော့ဘူး။ အနားက မလေးကုလားကို မေးကြည့်ရတယ်။

(ခင်ဗျားတို့ မြန်မာစကား ဘယ်လိုတတ်လာကြတာလဲ) ပေါ့။

(ကျနော်တို့ မြန်မာပြည်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်) တဲ့။

ကိုယ့်စိတ်တွေ တောင်မြောက် ပြေးကုန်တယ်၊ အရှေ့တောင် အာရှမှာဆိုတဲ့
စာလုံးတွေ မျက်စေ့ ရှေ့မှာ ပြေးနေတယ်၊ ကိုယ့်အဖေပြီးတော့ ကိုယ့်သား၊
သူတို့တွေကို ဖြတ်ကနဲ ဖြတ်ကနဲ မြင်လာတယ်။ သားပြောတဲ့ သူတို့ကျောင်းက
ဆရာတွေက စင်္ကာပူတွေ ဆိုတာကြီးကလည်း ပဲ့တင်သံကြီးကို ဖြစ်လို့။
ဘာပဲဖြစ်ဖြစ် အရှေ့တောင်အာရှမှာ မြန်မာဟာ ဆိုတာကြီးကလည်း နီးလာလိုက်
ဝေးသွားလိုက်၊ ကျနော်တို့ မြန်မာပြည်မှာ အလုပ်လုပ်ဖို့
ဆုံးဖြတ်ထားပါတယ်ဆိုတဲ့အသံ

(ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် …)။

ကိုယ့်ကို လာလှုပ်တယ်၊ ကိုယ် အိပ်ပျော်သွားလား မသိ။ လက်ခုပ်သံတွေတော့
ဆူညံနေတာပဲ။ ကိုယ်တို့ လူတွေတင် မဟုတ်ဘူး၊ ဆိုင်က ၀န်ထမ်းတွေပါ
ရောက်နေကြတယ်။ မလေးတရုတ်က ကိုယ့်ကိုပြုံးပြုံးကြီး ကြည့်ရင်း

Hey, are you dreaming? တဲ့။

ကိုယ်လည်း ပြုံးပြီး ခေါင်းခါပြလိုက်ရတယ်။ မင်းတို့ ဆိုတာတွေကို အရသာ
ခံနေတာပါလို့ အင်္ဂလိပ်လို ပြန်ပြောလိုက်တယ်။ သူက ခင်ဗျား အင်္ဂလိပ်စကားပြော
သိပ်ကောင်းတာပဲတဲ့။ ကဲ မပြောဘူးလား အရှေ့တောင် အာရှမှာ မြန်မာဟာ…။ ။


--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to