တနင်္ဂနွေ။

တနင်္ဂနွေသားသမီးများ လွန်ခဲ့သော သုံးလမှ နောက်သုံးလအထိ ခြောက်လအတွင်း အထူး
လာဘ်လာဘပွင့်မည်။ အထူးသဖြင့် တနင်္ဂနွေနံပါသောတိုင်းဖြစ်သည့်
ဧရာဝတီတိုင်းသားများ အိုးသစ်အိမ်သစ်များတွင် အိပ်စက်ရလတ္တံ့။ ဧည့်ခန်း၊
အိပ်ယာနှင့် အိမ်သာသည် တစ်ခုတည်းပင် ဖြစ်လတ္တံ့။ ချို့တဲ့သူများအတွက်
လှူချင်သူများ ပေါများလွန်းသဖြင့် လုံခြုံရေးဖြင့်ပင် တားယူရကိန်းရှိသည်။
အလှူမတတ်သူများ အဖမ်းအဆီးပင် ခံရနိုင်သည်။ ကျန်းမာရေးအနေဖြင့် မိုးလေဝသ
သတိပေးချက်များကို ဂရုစိုက်နားထောင်ပေးပါက အဆင်ပြေနိုင်သည်။
စီးပွားရေးအနေဖြင့် ချောင်းမြောင်းများထဲတွင် ငါးပက်ခြင်း၊
ဂဏန်းဖမ်းခြင်း၊ မျောပါလာသော ပစ္စည်းများစုဆောင်းခြင်းများ အထူးပင်
အကျိုးပေးလတ္တံ့။ အဆိုးများ ပျောက်ကင်းစေရန် ယတြာမှာ မိမိနေသော
လမ်းတလျှောက်ရှိ အိမ်များကို တစ်အိမ်ဝင် တစ်အိမ်ထွက် လက်အုပ်ချီရပ်လျက်
"ကျန်းမာတော်မူကြပါစ"ဟု မိုးလေဝသ သတင်းကြေညာသူပုံစံဖြင့် လိုက်နှုတ်ဆက်ပါ။



တနင်္လာ။

ကျောင်းဖွင့်ချိန်ဖြစ်သဖြင့် ကျောင်းအုပ်ကြီးများ၊ ကျူရှင်များ၊
ကြိုပို့ယာဉ်များ ဝင်ငွေကောင်းလတ္တံ့။ ကြက်သား၊ ကြက်သွန်ဈေးများ
မကြုံစဖူးတက်သွားပါက ငါး၊ ငရုတ်သီးများ အဝယ်လိုက်လတ္တံ့။ အချစ်ရေးတွင်
ဂဂျီဂဂျောင်နိုင်သော လက်တွဲဖော်ရနိုင်သည်။ ကြိုက်သောသူကို မရနိုင်သေးဘဲ
ချိန်ပါဖြစ်နေတတ်သည်။ စီးပွားရေးတွင် ကြံရာမရဖြစ်ပြီး
ကြက်ဆူပင်စိုက်လိုက်၊ ဂက်စ်ထုတ်ရောင်းလိုက် ဖြစ်နေတတ်သည်။ ကျန်းမာရေးတွင်
ငယ်ထိပ်မြွေပေါက်ခံရခြင်း၊ ကျားကိုက်ခံရခြင်းစသည့် ထင်မထားသည့်
အားနည်းချက်များရှိနေသလို ငှက်ဖျား၊ ကင်ဆာကဲ့သို့ မပြောပလောက်သည့်
ရောဂါသေးများလည်း လာလည်တတ်သည်။ ယတြာအနေဖြင့် ငှက်ပျောပင်အောက်တွင်
ဂွေးသီးစားရင်း ခွေးချီးပုံကို ခြေထောက်ဖြင့် တို့်ကာ "ဂုဏ်ဆိုတာ
ကြယ်ကိုခေါ်တာ၊ ကြယ်ကိုသာ ငါလိုသုံးရင် ခမည်းတော်ကြီးက
မေတ္တာချိုတယ်၊"ဆိုပြီး ရွတ်ပါလေ။



အင်္ဂါ။

အင်္ဂါသားသမီးများ စိုးရိမ်စရာ အနေအထားမှ ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း
ဆုတ်ယုတ်နေဆဲဖြစ်သည်။ ဆန်ရေစပါးရှားပါးနေနိုင်ပြီး ညအခါ စိတ္တဇဝေဒနာပါ
ခံစားရတတ်သည်။ ဆန္ဒပြမှုများ ငြိမ်သက်သွားနိုင်သော်လည်း စစ်သားများကတော့
ဇဝေဇဝါဖြစ်နေနိုင်သည်။ စီးပွားရေးအနေဖြင့် ဆန်ဆေးရေရောင်းခြင်း၊
ဆင်နို့ညှစ်ခြင်း၊ ညကင်းစောင့်ခြင်းများ အထူးပင်ဖြစ်ထွန်းအံ့။
အချစ်ရေးတွင် ဆုပ်လည်းဆူး၊ စားလည်းရူး အနေအထားမျိုးမှ ဆုပ်လည်းမထူး၊
စားလည်းမထူး အခြေအနေလောက်အထိ တိုးတက်လာနိုင်သည်။ ယတြာအနေဖြင့်
တစ်ပတ်တိတိသွားလေရာကို စည်ပိုင်းကြီးတစ်လုံး ခေါင်းပေါ်ရွက်သွားပါ။



ဗုဒ္ဓဟူး။

ဗုဒ္ဓဟူး အဟုတ်ရူးပြီဟု ပြောရမည်။ ဗုဒ္ဓဟူးနံ ယ၊ရ၊လ၊ဝ နှင့်စသော
အရာရှိကြီးများ သားသမီးအများအတွက် ရတက်များကိန်းရှိသည်။ ရန်သူများကို
ရဲဘက်စခန်းပို့ထားသည့်တိုင်အောင် ရပ်ကွက်ထဲတွင် ရုတ်ရုတ်သဲသဲ
ဖြစ်တတ်သဖြင့် ရယက တို့ သတိပြုနေသင့်သည်။ ယင်ကောင်လေးများကိုပင်
ရင်ခုန်တတ်သော ကောင်မလေးများ ရွဲသွားနိုင်သည်။ ရိသဲ့သဲ့လာပြောသူများကို
ရဲရဲရင့်ရင့် ရက်ရက်စက်စက်တုံ့ပြန်ရန် ရိုးရာသိုင်းများ သင်ထားသင့်သည်။
စီးပွားရေးအနေနှင့် ဝါးကျည်တောက်ရောင်းခြင်း၊ ရေထမ်းခြင်း၊
ယိမ်းကခြင်းများ အကျိုးပေးမည်။ ကျန်းမာရေးအနေဖြင့်
ရင်ခွဲရုံရောက်ကိန်းမှလွဲလျင် အားလုံးကောင်းနေသေးသည်။ ကံတက်စေရန် တခုသော
တနင်္လာနေ့တွင် တရားရုံးတစ်ခုသို့သွားပြီး တရားခံအား "တရားနဲ့သာဖြေပါ။
တရားသူကြီးကနင့်ကို တင်းနေတယ်။ တောင်းပန်လိုက်" ဟု တီးတိုးသွားပြောပါ။



ကြာသပတေး။

မြန်ကာမနှေး ရေခဲတိုက်သို့ရောက်မည်။ အသိဆွေမျိုးသားချင်းများအတွက်
လိုက်ပါပို့ဆောင်ခြင်းမျိုးသာ ဖြစ်၍ သိပ်စိတ်ပူစရာ မလိုသော်ငြားလည်း
တိုင်အောက်ရောက်နေ၍ တိုင်ပိခြင်း၊ ပုရွက်ဆိတ်ကိုက်ခြင်း စသောအသေးစား
ထိခိုက်မှုများ ကြုံနိုင်ပါသည်။ ဇာတာစန်းလဂ် အရ စုတ်ရောလာဘ်ပါ
ဝင်ချိန်ကြုံခိုက်ဖြစ်၍ မင်္ဂလာဆောင်ရန် လှပချောမောသော
သတို့သား/သမီးလောင်းမှာ ငွေထုပ်ပိုက်ကာ အိမ်အရောက်
ပေါက်ကိန်းကြုံသော်လည်း ၀ါဝင်သွားသောကြောင့် မင်္ဂလာရက်ရွှေ့ဆိုင်းပြီး
စိတ်ရှည်ရှည် စောင့်ရကိန်းကြုံနေမည်။ စီးပွားရေးမှာ
ခွက်ခွက်လန်ကုမ္ပဏီတွင် အစုရှယ်ယာဝင်ရင်း ပြုတ်ပြုတ်ပြုန်းကိန်းကြုံခြင်း၊
လေဘေးအတွက် လှူဒါန်းထားသည့် ပစ္စည်းများ (ဥပမာ- ခေါက်ဆွဲခြောက်များ၊
ပုဆိုးများ) ရောင်းဝယ်သိုလှောင်ခြင်းကဲ့သို့သော အ၀ယ်မှား အရောင်းမထွက်ပဲ
ဆုံးရှုံးရခြင်းများ ဖြစ်နိုင်သဖြင့် အငြိမ်နေကာ ရှိစုမဲ့စုများအား
ပေါင်နှံရောင်းချ စားသောက်နေသေးသင့်သော အချိန်ကာလဖြစ်သည်။
ကျန်းမာရေးအနေဖြင့် ညအိပ်တိုင်း မျက်စိမှိတ်နေခြင်းမျိုးနှင့်
လမ်းလျှောက်လျှင် ဘယ်တစ်လှမ်းညာတစ်လှမ်း လှမ်းမိခြင်းများမှလွဲ၍ အပယိက
ဝေဒနာများကင်းနေအံ့။ ယတြာအနေဖြင့် လမ်း၌တွေ့သော အချွန်ပါသည့်
ခဲတစ်လုံးအား မင်းဖြစ်မင်းခံ၊ ငါဖြစ်လည်းမင်းခံ ဟူ၍ သက်စေ့ရွတ်ကာ
အရှိန်ပြင်းပြင်းနှင့် ခြေမ မကွဲမချင်းကန်ပါလေ။ အညံ့များပြေသတတ်။

သောကြာ။

သောကြာသားသမီးများ အလုပ်အကိုင်ကောင်းများ ရကိန်းရှိသည်။ ဥပမာ- ထမင်းချက်၊
အ၀တ်လျှော်၊ ရေထမ်း။ အလုပ်အကိုင်ရှိပြီးသူများ အမြင့်တက်ကိန်းရှိသည်။
ဥပမာ- အပိုဝင်ငွေအားဖြင့် မန်ကျည်းပင်တက်၍ မန်ကျည်းရွက်နုနု
ခူးရောင်းခြင်း။ ပစ္စည်းပျောက်ကိန်းကြုံတတ်သဖြင့် အကယ်၍
မန်ကျည်းပင်ပေါ်တက်ခိုက် ချွတ်ထားသော ဖိနပ် အခိုးခံရခြင်းများ၊
ပုံရောင်းသော မန်ကျည်းရွက် နွားစားခံရခြင်းများ၊ ဈေးကောက်မပေးမိ၍
ဈေးဗန်းအသိမ်းခံရခြင်းများလည်း ကြုံလတ္တံ့။ ကျန်းမာရေးအညံ့ အနည်းငယ်ရှိ၍
ဗိုက်မအောင့်စေရန် ဗိုက်ဖြုတ်ထားခြင်း၊
ခေါင်းမကိုက်စေရန်ခေါင်းဖြုတ်ထားခြင်းနှင့်
ခြေလက်များညောင်းနာကိုက်ခဲလျှင် အသင့်သုံးရန်
လမ်းကြိတ်စက်ဝယ်သုံးခြင်းမျိုးများဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။
အချစ်ရေး အိမ်ထောင်ရေးများ သာယာစေရန်အလို့ငှာ ပျားရည်ဆမ်းမုန့်ကို တနေ့
၇ခါ စားပါလေ။ တက်နေသောကံဇာတာကို ထိန်းသိမ်းရန်၊ ပို၍ ကံမြင့်စေရန်
အိမ်ရှိရေကန်အား နောက်ထပ် မီတာ ၅၀၀ ခန့်အမြင့်သို့ မြှင့်၍ ကံမြှင့်ပါ။

စနေ။

ယခုလအတွက် ကံနိမ့်နေသူများမှာ စနေနံပိုင်ရှင်များပင်ဖြစ်လေသည်။
လမ်းလျှောက်ရင်း ဖိနပ်ပြတ်ခြင်း၊ ဖိနပ်ပြတ်နှင့် ဆက်လျှောက်ရင်းမှ
ခွေးချေးနင်းမိခြင်း၊ နင်းမိပြီးမှ ဇီးကိုင်းနင်းပြီး အဆူးစူးခြင်း
စသည့်ဥပမာလို ဆက်တိုက်ဖြစ်နေတတ်သည်။ ဘယ်ဒုက္ခကို
အရင်ရှင်းရမှန်းမသိအောင်ပင် များနေတတ်သည်။ ကျန်းမာရေးမှာမူ
ကံဆိုးမှုများကို ခံနိုင်ရည်ရှိရန်အတွက် ဒေါင်ဒေါင်မြည်ကောင်းနေတတ်သည်။
မိုးကြိုးပစ်ခြင်း၊ ဓာတ်လိုက်ခြင်း စသည့် ရုတ်တရက်သေစေနိုင်သည့်
ကိန်းများတော့ ခပ်ရေးရးမြင်နေရသည်။ စီးပွါးရေးအနေဖြင့်
တီကောင်ကုန်ကူးခြင်း၊ ထန်းသီးမုန့်ရောင်းခြင်း၊
နှပ်ချေးညှစ်နည်းသင်တန်းဖွင့်ခြင်းများ အကျိုးပေးနိုင်သည်။
မဖြစ်မနေချေရမည့် ယတြာမှာ စနေနေ့၏ အညွန့်နံဖြစ်သော သောကြာနေ့ညတွင်
သင်္ချိုင်းသို့သွားပြီး "သရဲသုံးကောင်ရေ - သေအောင် လာသတ်ကြပါ" ဟု ၁၅
ကြိမ်ရေရွတ်ပါ။
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to