အိုသွားတဲ့ တစ်နေ့

"ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာ
ပေါက်တယ်ဆိုတာကို မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်း
ဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ မေ့နေတတ်တယ်"

ဆေးရုံတစ်ရုံရဲ့ အ၀င်ဝမှာ ရေးကပ်ထားတဲ့ ပိုစတာလေးကို မြင်မှာ
ကျွန်မအသိစိတ်တွေ နှိုးထလာတယ်။ အခုခတ်က ငယ်ရွယ်တဲ့ အိမ်ထောင်သည်တွေ
ကိုယ်တိုင်ဝမ်းနာပြီး မွေးထွက်လာတဲ့ ကလေးတွေကိုပဲ ဂရုစိုက်တတ်ကြတယ်။
ကိုယ့်ကိုလည်း အမေ၀မ်းနာပြီး မွေးထွက်လာခဲ့တယ် ဆိုတာကို မေ့နေတတ်ကြတယ်။

စနေနေ့ မနက် အိပ်ရာပေါ်မှာ ဇိမ်နဲ့နှပ်နေတုန်း ဖုန်းသံကြောင့် ကျွန်မ
အိပ်မက်က လန့်နှိုးလာခဲ့တယ်။ အမေဆီက ဖုန်းပါ။ ကလေးတွေခေါ်ပြီး အမေ့အိမ်မှာ
နေ့လယ်စာ သွားစားဖို့ ဆက်လိုက်တာဖြစ်တယ်။

"ကလေးတွေကို မက်ဒေါ်နယ်သွားစားဖို့ ပြောထားပြီးပြီ အမေရဲ့"
"အဲဒီပိုက်ဆံကို ချွေသာလိုက်ပါ သမီးရယ်... ကားမောင်းလာရင် ၁၀မိနစ်ထဲပါ"
အမေက မရမက တောင်းဆိုနေတယ်။ ကလေးတွေက အမေချက်တာကို စားချင်မှာ မဟုတ်ဘူး။
ဟမ်ဘာဂါပဲ စားချင်ကြမှာပဲလို့ ကျွန်မ တွေးလိုက်မိတယ်။

အမေကို လာမယ်၊ မလာဘူးလို့ မပြောခင် ကျွန်မ တွေဝေနေတုန်းမှာ အကြီးမနဲ့
အငယ်လေးက ဖုန်းပြောနေတဲ့ ကျွန်မကို လာခါပြလိုက်၊ ခေါင်းခါပြလိုက်နဲ့
အဘွားအိမ်ကို မသွားချင်ကြောင်း လုပ်ပြနေတယ်။ သမီးတွေက ရုံးပိတ်ရက်
မိသားစု စုံစုံညီညီနဲ့ အပြင်ထွက်ပြီး အတူစားချင်ပုံရတယ်။

"အမေ့မြေးတွေနဲ့ တိုင်ပင်ပြီး သမီး ဖုန်းပြန်ဆက်လိုက်မယ် အမေ"
"အေးပါ သမီးရယ်"
ဖျော့တော့တော့ အသံနဲ့ အမေဖုန်းချသွားတယ် ဆိုရင်ပဲ ကလေးတွေက တစ်ပြိုင်ထဲ
"အဘွားအိမ် မသွားချင်ဘူး။ မက်ဒေါ်နယ် သွားစားမယ်လို့ ပြောထားပြီသားပဲ"
လို့ ၀ိုင်းအော်ကြတယ်။

"အဘွားရဲ့ ရည်ရွယ်ချက်က နေ့လယ်စာ စားဖို့ မဟုတ်ဘူး။ သူ့မြေးတွေဖြစ်တဲ့
သမီးတို့ကို ကြည့်ချင်လို့"
"အရင်အပတ်ကပဲ သမီးတို့ သွားခဲ့ပြီးပြီလေ မေမေ"

ကျွန်မရှင်းပြတာကို သမီးတွေက လက်ခံချင်ပုံ မရခဲ့ဘူး။
"တစ်ချိန်မှာ မေမေလဲ အိုသွားတဲ့အခါ သမီးတို့ကို "သမီးတို့ရေ အိမ်ကို
လာခဲ့ပါဦး။ မေမေ ကိတ်မုန့်ဖုတ်ထားတယ်။ မြေးတွေလဲ ခေါ်ခဲ့နော်" လို့
ဖုန်းဆက်ခေါ်ရင် "ကိတ်မုန့်ကို အပြင်မှာ ၀ယ်စားလဲရတာပဲ အမေ.. သမီးတို့
မအားဘူး" လို့ ပြန်ပြောရင် အခု ဘွားဘွား စိတ်မကောင်းဖြစ်သွားသလို မေမေလဲ
စိတ်မကောင်းဖြစ်လိမ့်မယ်" လို့ ရှင်းပြတော့ လေးနှစ်သမီးလေးက "သမီး အဲလို
မပြောဘူး။ ဟုတ်ကဲ့လို့ ပြောမယ် မေမေ" တဲ့။ နောက်ဆုံး သမီးတွေနဲ့
တိုင်ပင်ပြီး နေ့လယ်စာကို မက်ဒေါ်နယ် စားပြီး ညနေစာကို အမေ့အိမ်မှာ
စားဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။

ညနေ အိမ်လာခဲ့မယ်လို့ အမေ့ကို ဖုန်းပြန်ဆက်တော့ အမေက "အေး.. ဒါဆိုရင် အမေ
ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်" လို့ ၀မ်းသာအားရ ပြန်ပြောတယ်။

ညနေ အမေ့အိမ်ရောက်တော့ အမေက မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့
ချက်ပြုပ်နေတယ်။ အမေ့ကိုကူဖို့ ကျွန်မ မီးဖိုထဲဝင်တော့ အမေက
ပုခုံးကျောတွေ ကိုက်ကြောင်း ပြောပြတယ်။

" ဆေးခန်းမသွားဘူးလား အမေ၊ ဆေးမလိမ်းဘူးလား"
"သွားလဲ မထူးပါဘူး သမီးရယ်။ ဆေးလိမ်းလဲ မသက်သာပါဘူး"
အမေ့စကားကို ကြားမှ အမေလိုအပ်နေတာ ဆေးခန်းတွေ၊ လိမ်းဆေးတွေ မဟုတ်ဘဲ
ကျွန်မတို့ရဲ့ ဂရုစိုက်မှု၊ ပြုစုမှုဆိုတာကို ကျွန်မ သဘောပေါက်တော့တယ်။

အသန့်အပြန့် ကြိုက်တဲ့ အမေ့ရဲ့ မီးဖိုချောင်က အိုးတွေဟာလဲ ဆီချေးတွေ
အထပ်ထပ် ပေနေတာကို ကျွန်မ သတိထားမိလိုက်တယ်။ အိုးတွေကို
တိုက်ချွတ်ဆေးနေရင်း "အိုးတွေကို တိုက်ချွတ်ဖို့ အမေအားတွေ
မရှိတော့လို့ဖြစ်မယ်" လို့ ကျွန်မ စဉ်းစားလိုက်မိတယ်။

အရင်တုန်းက လက်တစ်ဖက်က ကျွန်မကို ချီပိုးရင်း၊ ကျန်လက်တစ်ဖက်နဲ့
ကြော်လှော်ချက်ပြုတ်ခဲ့တဲ့ အမေ... အိမ်ရှေ့၊ အိမ်နောက်၊ အိမ်ထောင့်တွေပါ
မကျန် သပ်ရပ်သန့်ရှင်းအောင် အမြဲရှင်းလင်းတတ်တဲ့ အမေ..... အခုခါမှာတော့
ဇရာထောင်းပြီး လက်တွေလဲ အင်အားချိခဲ့ပါပြီ။ ဒါတောင် သူချစ်တဲ့ သားသမီး
မြေးတွေကို ကိုယ်တိုင်ချက်ပြုပ် ကျွေးမွေးချင်နေတုန်းပါပဲ။

ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန်
ကန့်သတ်ပြီး အမေ့အိမ်ကို အမြဲပြန်ပြီး အိုးတွေကို တိုက်ဆေးပေးမယ်ဖို့
ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်မိပါတယ်။ နောင်တစ်ချိန် ကျွန်မ
အိုသွားတဲ့တစ်နေ့၊ လက်တွေ လှုပ်ရှားဖို့ အားအင် နည်းသွားတဲ့အခါ
သားသမီးတွေလည်း အိမ်ကို အမြဲပြန်လာပြီး အိုးတွေ တိုက်ဆေးပေးဖို့ ကျွန်မ
မျှော်လင့်မိပါတယ်။

အမေ့လက်

မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။

မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။

ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ "အလှ" "အလုပ်"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)






-- 
☻☺ ZiP ☺☻
►►>  ZiPpY GiPsY  <◄◄
♠♥♦♣  [EMAIL PROTECTED]  ♣♦♥♠

--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Wonderful_light" group.
To post to this group, send email to [email protected]
To unsubscribe from this group, send email to [EMAIL PROTECTED]
For more options, visit this group at 
http://groups.google.com/group/inurmind?hl=en
-~----------~----~----~----~------~----~------~--~---

Reply via email to