တောင်ကုန်းကလေးကို ကျော်ပြီးတက်လာတဲ့ ဆရာဘမင်းကို မြင်က တည်းက ချက်ကြီး ပျာယာခတ်သွားတယ်၊ ဆရာဘမင်းဆိုတာက ချက်ကြီးတို့တဲကို လာတတ်တယ်ဆိုပေမယ့် တလတခါ။ နှစ်လတခါ ဆိုသလိုပါ၊ လာတိုင်း လာတိုင်း ဆရာဘမင်းက သိပ်စကားပြောတာ မဟုတ်ပါဘူး။
ချက်ကြီးတို့တဲမှာ ထိုင်မယ်။ အရက်ရှိရင် သောက်မယ်၊ မရှိရင်လည်း ရှိတာချကျွေးရင် စားမယ်။ ချက်ကြီးတို့ လင်မယားကို နည်းနည်းပါးပါး ဆုံးမမယ်၊ သူ့မှာပါလာတဲ့ စာအုပ်ကိုဖတ်မယ်၊ ဒါမှ မဟုတ် အလွန် စိတ်လိုလက်ရရှိရင် စကားနည်းနည်းပြောမယ်၊ ပြောပြန်ရင်လည်း သူ ပြောချင်ရာ ပြောတာပါ၊ များသောအားဖြင့် ကတော့ ချက်ကြီးတို့လင်မယား နားမလည်နိုင်တာတွေပါပဲ။ ဘာပဲပြောပြော၊ ချက်ကြီးကတော့ ဆရာဘမင်းကို လွှတ်အထင်ကြီး နေတာ သေချာတယ်၊ ချက်ကြီးကို သုံးလေးခါလောက် ကယ်ခဲ့ဖူး တယ်၊ ဒါကလည်း ရန်ဖြစ်ပြီး ရိုက်တဲ့ နှက်တဲ့ ကိစ္စတို့။ သူ့မြေ ကိုယ့် မြေ အငြင်းပွားပြီး ရန်ဖြစ်ကြတဲ့ ကိစ္စတို့။ ချက်ကြီး မြမေကို ခိုးသွား တုန်းက အချုပ်ခံရတဲ့ ကိစ္စတို့။ ဒါပါပဲ၊ ဆရာဘမင်းက ကျောင်းဆရာ လေ၊ တောကျောင်းဆရာပေါ့၊ ကြေးစဉ်ရွာက ကျောင်းထိုင်ဆရာ တော် ပြီးရင် ရွာမှာ ဆရာဘမင်းက သြဇာအရှိဆုံးပဲ။ ကျောင်းဆရာသက်ပဲ အနှစ်သုံးဆယ်ကျော်လာပြီမဟုတ်လား၊ ဗဟုသုတလည်း သိပ်ရှိတယ်လို့ပြောတယ်၊ ဒါက ရွာကလူတွေ ပြောကြ တာပါ၊ ချက်ကြီးကိုယ်တိုင်ကတော့ ဆရာဘမင်း ဘာဗဟုသုတတွေ ရှိတယ်ဆိုတာ ဂဃနနသိတာ မဟုတ်ပါဘူး၊ ဘာပဲပြောပြော ဆရာ ဘမင်းကို ချက်ကြီး လွှတ်အထင်ကြီးတယ်၊ လွှတ်ရိုသေတယ်။ လွှတ်ကြောက်တယ်၊ ချစ်လည်း ချစ်ပါတယ်၊ ဆရာဘမင်း ချက်ကြီးတို့ ခြံဝ မရောက်ခင်ကတည်းက အိမ်ရှေ့။ အိမ်ဦးခန်းမှာ ချက်ကြီး သင်ဖျာခင်းပြီး ဖြစ်နေပြီ၊ လုံချည်ဟောင်းတထည်နဲ့ ကပျာကယာ ဖုန်ခါပြီး နေပြီ၊ အကြမ်းအိုး ပြေးယူပြီး ချထားနှင့်ပြီ၊ မြမေတို့ ရွက်သာဘက် သွားနေလို့ပေါ့၊ နို့မို့ မြေပဲလေး ကြော်ခိုင်းရ ကောင်းသား။ ဆရာဘမင်း တဲပေါ်တက်လာတော့ ထူးထူးထွေထွေ နှုတ်ဆက်လည်း မနေ။ ဘာမှလည်းမမေးသေး၊ ခင်းထားတဲ့ သင်ဖျာပေါ်လည်းမထိုင်၊ ကပြင်နဲ့ အိမ်ရှေ့ခန်း အကြား တပေလောက် အနိမ့်အမြင့် ဖြစ်နေတဲ့ နေရာလေးမှာပဲ ထိုင်ချလိုက်တယ်၊ ဦးထုပ်ကို ချွတ်ပြီး ယပ်ခတ်ရင်း အမောဖြေနေတယ်၊ ဆရာဘမင်းကို ချက်ကြီးက အကြောက်လွန်။ အရိုအသေလွန်နေတော့ သင်ဖျာပေါ် ထိုင်ပါ ဆရာ။ ဘာညာနဲ့ လောက၀တ်တောင် မပြောရဲပါဘူး။ သူ ကြိုက်သလို ထိုင်လိုက်တာ ကိုပဲ ကြည့်နေရတယ်၊ သူ့ကို ဘာမှ မပြောသေးဘဲ အချိန်ကြာလာ တော့မှ ကြောက်ကြောက်နဲ့ မေးရတယ်၊“‘ဆရာကြီး နေကောင်း တယ်နော်’ ဒီလို မေးလိုက်ပေမယ့် ဆရာကြီးက ချက်ကြီးကို လှည့်လည်း မကြည့် ဘူး။ ဖြေလည်းမဖြေပါဘူး၊ သူ့ဟာသူ အမောဖြေတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေတယ်၊ အတော်ကြာမှ ‘နေကောင်းလို့ မင်းဆီ လာနိုင်တာပေါ့ကွ’ ‘ဟုတ်ကဲ့’ တခါ ဘာမှမပြောဘဲ ငြိမ်နေကြပြန်ရော၊ ခနကြာတော့ ဦးထုပ်ကို ဘေးချလိုက်တယ်၊ ချက်ကြီးက အဲဒီဦးထုပ်ကို အ၀င်ဝဘေးက စင်မြင့်ကလေးပေါ် တင်ပေးထားဖို့ စဉ်းစားသေးတယ်၊ ဒါပေမယ့် ကြောက်တာနဲ့ မလုပ်ဖြစ်ပါဘူး၊ အိမ်ရဲ့ အလယ်တိုင်နားမှာ ခပ်ရို့ရို့ကလေး ထိုင်ချလိုက်တယ်၊ ဒီတော့မှ ဆရာဘမင်းဆီက အသံထွက်လာပြန်တယ်၊ ‘မြမေရော’ ‘ဟုတ်ကဲ့။ မနေ့က သူ့အရီးလေး လမ်းကြုံလို့ ၀င်လာရင်း..’ ‘မြမေ အိမ်မှာ ရှိမရှိသာ ဖြေစမ်းပါကွာ’ ‘ဟုတ်ကဲ့။ မရှိဘူးခင်ဗျ’ ‘မင်းဆီမှာ အရက်ရှိလား’ ‘အဲ…ကျွန်တော်လည်း သတိတော့ရသား။ ဒါပေမယ့်’ ‘ရှိသလား။ မရှိဘူးလား မေးတာပါကွာ’ ‘ဟုတ်ကဲ့။ မရှိဘူးဆရာ။ ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံ’ ‘မလိုပါဘူးကွာ။ ပိုက်ဆံကတော့ ငါ့လည်း ပါပါတယ်’ ‘ကျွန်တော် ကျွန်တော် သွားဝယ်လိုက်မယ်လေ ဆရာ’ ‘နေပါစေကွာ။ သွားရမှာ ဝေးလိုက်တာ။ နေကလည်း ပူသေး။ ပြီးတော့ ငါက မစောင့်နိုင်ဘူးကွ’ ‘ဟုတ်ကဲ့’ ဆရာဘမင်းက ဒါဆို ဒါပဲ။ အထွန့်မတက်နဲ့။ သူက ကြိုက်တာမဟုတ်ဘူး၊ ချက်ကြီးလည်း သတိကြီးကြီးနဲ့ ငြိမ်နေလိုက်ရ တယ်။ ဆရာဘမင်းက အပြင်မှာ နေပူနေတာကို ခဏကြည့်နေသေးတယ်။ ပြီးမှ ‘မင်းဆီမှာ အရက်ပုလင်းခွံရော ရှိလား’ ‘ဟုတ်ကဲ့။ ရှိပါတယ်’ ‘ပေးစမ်း’ ချက်ကြီးက အရက်ပုလင်းအလွတ်ကို အမြန်ဆုံးယူပေးလိုက်တယ်၊ တော်ပါသေးရဲ့။ ပုလင်းက ဆေးပြီးကြောပြီးသား။ သန့်သန့်ရှင်းရှင်းပဲ၊ ဒါပေမယ့် ဆရာဘမင်းက သေသေချာချာ ပြန်ကြည့်သေးတယ်၊ ပြီးတော့မှ ရေအိုးစင်ရှိရာကို သူ့ဟာသူ ထသွားတယ်၊ ချက်ကြီးလည်း ဘာမှ ၀င်မပြောရဲတော့ ဒီအတိုင်းကြည့်နေရတယ်၊ ဆရာဘမင်းက အရက်ပုလင်းထဲကို ရေအိုးစင်က ရေတွေ အပြည့်ထည့်လိုက်တယ်၊ ပြီးတော့မှ သူ့နေရာသူ ပြန်ထိုင်တယ်၊ အရက်ပုလင်းကို သေသေ ချာချာ စူးစူးစိုက် စိုက် ကြည့်တယ်၊ နောက်ပြီး ပုလင်းဝကနေ နမ်းကြည့်တယ်၊ အရက်စစ် မစစ် နမ်းကြည့်တဲ့ဟန်ပဲ၊ ပြီးတော့မှ ချက်ကြီးကို လှမ်းကြည့်ပြီး… ‘ပေးစမ်း။ အဲဒီ ထင်ရှူးသတ္တာလေး၊ ဒီနားယူခဲ့’ ချက်ကြီးက ဆပ်ပြာသေတ္တာငယ်လေးကို ယူပြီး ရွှေ့ပေးလိုက်ရတယ်၊ ဒီတော့ ဆရာဘမင်းက ပုလင်းဝကို ထပ်ပြီး နမ်းကြည့်ပြန်တယ်၊ ပြီးတော့မှ သေတ္တာလေးပေါ်ကို ပုလင်းကို တင်လိုက်တယ်၊ ‘မင်းမှာ ဘာမြည်းစရာရှိသလဲ’ ‘ရှိတယ်ခင်ဗျ။ ပဲလှော်ကြော်ကို ကြက်သွန်နဲ့ သုပ်လိုက်မယ်’ ‘အေး..ကောင်းတယ်။ ဖန်ခွက်နဲ့ ရေထည့်ဖို့ မတ်ခွက်လည်း ယူခဲ့ကွာ’ ‘ဟုတ်ကဲ့’ ချက်ကြီး တတ်နိုင်သမျှ မြန်အောင်လုပ်ပေးပါတယ်၊ ပဲလှော်ကြော်သုပ်ကို ချပေးနေတုန်း… ‘ဖန်ခွက်နဲ့ ရေထည့်ဖို့ မတ်ခွက် မြန်မြန်လုပ်ကွာ’ ‘ဟုတ်ကဲ့’ ချက်ကြီး ခုမှ စဉ်းစားမိတယ်၊ ရေပုလင်းလည်း ရှိနေပြီ၊ နောက်ထပ်လည်း ရေထည့်ဖို့ မတ်ခွက်ပေးဦးဆိုတော့ ဘယ်လိုလဲ၊ ဘာမှ စဉ်းစားမနေနဲ့။ ဆရာက ပေးဆို ပေးလိုက်။ စကားရှည်မနေနဲ့။ ‘ဖန်ခွက်ဟောင်းလေးနဲ့ ရေထည့်ဖို့ မတ်ခွက်ကို ယူလာခဲ့တော့။ လုပ်ကွာ မြန်မြန်။ မတ်ခွက်ထဲ ရေထည့်စမ်း’ ‘ဟုတ်ကဲ့’ ချက်ကြီး ရေခပ်အပြီး လှည့်ကြည့်တော့။ ဆရာဘမင်းက ပုလင်းထဲ ကရေကို ဖန်ခွက်ဟောင်းလေးထဲ ဂရုတစိုက်ငှဲ့ထည့်နေပြီ၊ သူ့ကြည့်ရတာ အရက်ငှဲ့နေတဲ့ အတိုင်းပါပဲ၊ တကယ်တော့ ရယ်စရာကြီး၊ ဒါပေမယ့် ချက်ကြီးမှာတော့ ရယ်ဖို့ သတိတောင် မရပါဘူး၊ ချက်ကြီးအဖို့ ဆရာဘမင်း မေးရင် ဖြေလိုက်။ ခိုင်းရင် လုပ်လိုက်။ တောင်းရင် ပေးလိုက်၊ ဘာမှ အထွန့်တက်မနေနဲ့၊ အထွန့်တက်မိလို့ အငေါက်ခံရပေါင်းလည်း များလှပြီ၊ သူပြောတဲ့ အတိုင်း လျှောက်လုပ်လို့ အကျိုးခံစားရပေါင်းလည်း များလှပြီ၊ မတ်ခွက်ကို ချပေးနေတုန်း ဆရာဘမင်းက ဖန်ခွက်ကို နှုတ်ခမ်းတေ့ပြီး စသောက်ပါတယ်၊ ချက်ကြီး သေသေချာချာ သတိထားမိပါတယ်၊ ဆရာဘမင်းဟာ အတော်ပြင်းတဲ့ ချက်အရက်ကို သတိနဲ့ သောက်နေတဲ့ပုံ၊ တကယ့်အပီပဲ အဲဒီလို မော့ချပြီးတဲ့နောက် ချက်ချင်းဆိုသလို မတ်ခွက်ထဲက ရေတကျိုက်ကို ကပျာကယာ သောက်ချလိုက်ပါတယ်၊ ဘယ်လိုလဲ။ ရေနဲ့ရေနဲ့ရောသောက်နေတာ။ ဒါပေမယ့် ချက်ကြီးမှာ အံ့သြတဲ့ အမူအရာတောင် မပြရဲပါဘူး၊ ရွေ့ရွေ့နဲ့ အလယ်တိုင်နား ပြန်လာပြီး ထိုင်နေလိုက်ရတယ်၊ ဆရာဘမင်းက ပဲလှော်ကြော်သုပ်ကို စမြည်းနေပြီ၊ ‘ချက်ကြီး။ မင်း ဘာလုပ်စရာရှိလဲ လုပ်။ လုပ်။ မင်းလုပ်စရာ ရှိတာသာလုပ်။ ငါတော့ အိုကေသွားပြီ’ ‘ဟုတ်ကဲ့’ ချက်ကြီး ခပ်မြန်မြန်ပဲ အိမ်နောက်ဘက်ကို ထွက်ခဲ့တယ်၊ နေစမ်းပါဦး။ ဆရာ ဘမင်းက ဘယ်လိုလဲ၊ ပုလင်းထဲမှာ ကျန်နေတဲ့ အရက်နံ့ ကလေးနဲ့ ရေနဲ့ရောပြီး ရသေ့စိတ်ဖြေ လုပ်နေတာလား၊ ဒါလည်း မဖြစ်နိုင်ပါဘူး၊ ပုလင်းက မြမေ ဆေးထားလို့ အရက်နံ့လည်း မရှိပါဘူး၊ စောစောက နမ်းတောင်ကြည့်မိသေးတာပဲ၊ ထားပါလေ၊ သူ့ဟာသူ ဘာလုပ်လုပ်ပေါ့၊ ဆရာဘမင်း လုပ်နေတာတွေကို အလျင်ကလည်း ချက်ကြီး နားမလည်ခဲ့တာ များပါတယ်။ ပြောလို့သာ ပြောရတယ်၊ ချက်ကြီး အိမ်တွင်းအိမ်ပြင် လုပ်စရာရှိတာ ဆက်လုပ်ရင်း ဆရာဘမင်းကို လှမ်းလှမ်းကြည့်မိတာတော့ အမှန်ပဲ၊ ဆရာဘမင်းကတော့ မှန်မှန်ပဲ၊ ပုလင်းထဲက ဖန်ခွက်ထဲကို ငှဲ့လိုက်၊ မော့ချလိုက်၊ မတ်ခွက်ထဲကရေကို မျှောချလိုက်။ ပဲလှော်ကြော် စားလိုက်နဲ့၊ သူ့ဟာသူတော့ မိနေတာပဲ၊ တခုတော့ ရှိတယ်နော်၊ ပုလင်းတ၀က်လောက်လည်း ကျိုးရော။ ဆရာဘမင်းရဲ့ မျက်နှာကြီး တခုလုံးဟာ နီရဲလာတယ်၊ မျက်ထောင့်တွေလည်း နီလာတယ်၊ ချက်ကြီးတော့ ဘယ်လိုမှကို နားမလည်တော့ဘူး၊ ကြာတော့ ဆရာဘမင်း သောက်နေတာကိုကြည့်ပြီး သူ့ဟာသူလည်း တံတွေး မျိုချနေမိတယ်၊ သူ့ကိုယ်သူ သတိထားမိသလား။ မထားမိလားတော့ မပြောတတ်ဘူး၊ နာရီဝက်လောက်ကြာတော့ တပုလင်း ပြတ်တာပဲ ‘ချက်ကြီးရေ’ ‘ခင်ဗျာ’ ‘လာစမ်းပါဦးကွာ။ နောက်တပုလင်း ထပ်ထည့်စမ်းပါဦး’ ‘ဟုတ်ကဲ့’ ပုလင်းထဲကို သောက်ရေအိုးထဲကရေတွေ ဖြည့်ပေးနေတုန်း ချက်ကြီး နည်းနည်းစဉ်းစားကြည့်သေးတယ်၊ ဘာစဉ်းစားလို့ရမှာလဲ။ ဒီကောင် ဘာကောင်မို့လို့ ဒါတွေနားလည်နိုင်မှာလဲ၊ မလိုပါဘူး။ စဉ်းစားစရာလည်း မလိုပါဘူး။ ချက်ကြီးက ပုလင်းကို ထင်းရှူးသေတ္တာပေါ်ပြန်ချပေးတာ နည်းနည်း ကရော်ကမည် ဖြစ်သွားတယ်၊ နည်းနည်းပါ၊ ဒါပေမယ့်… ‘ခွေးမသား’ ဟော…ကြည့်၊ ဆရာဘမင်းက ချက်ကြီးကို စဆဲပြီ၊ ဒါကိုတော့ ချက်ကြီး ကောင်းကောင်းသိတယ်၊ ဆရာဘမင်းမူးပြီဆိုရင် အဆဲကလေး ပါလာတတ်တယ်၊ မမူးရင် ဘယ်တော့မှမဆဲဘူး၊ ခုဆဲပြီ။ သေချာတာပေါ့၊ ဆရာဘမင်း မူးနေပြီ။ မူးတာမှ တော်တော်မူးနေပြီ၊ ခက်တာက ဘာသောက်ပြီး ဘာကြောင့်မူးရမှာလဲ၊ ဒါလဲ ချက်ကြီးဘယ်သိမလဲ၊ ဘာဖြစ်ဖြစ်လေ။ သူ့ဟာသူ ဘာကြောင့်မူးမူး သူကျေနပ်ရင် ပြီးတာပဲမဟုတ်လား၊ ချက်ကြီး ကြာကြာ ဦးနှောက်ခြောက်စရာ မလိုပါဘူး၊ ဆရာဘမင်း ခနသာ ဆက်သောက်လိုက်ရတယ်၊ ပုလင်းတ၀က်ကျိုးသွားပြန်တယ်၊ ပဲလှော်ကြော်သုတ်လည်း သံပန်းကန်ပြား တ၀က်ကျော် ပြုတ်သွားပြီ၊ ဘာအဆက်အစပ်မှမရှိဘဲ ချက်ကြီးကို ခွေးမသား ခွေးမသားနဲ့ သုံးလေးခွန်းဆဲပြီးပြီ၊ မျက်လုံးတွေလည်း အတော်ကြီး ရီဝေနေပြီ၊ ဘေးမှာချထားတဲ့ ဦးထုပ်ကို ကောက်ကိုင်လိုက်ပြီး ဆရာဘမင်း နေရာက ထလိုက်တယ်၊ ဖျတ်ခနဲ ရုတ်တရက် ထလိုက်လို့လားတော့ မပြောတတ်ဘူး။ ယိုင်တောင်သွားလိုက်သေး၊ ကောင်းကောင်း မတ်တတ်ရပ်မိပြီဆိုတော့ မျက်ထောင့်နီကြီးနဲ့ ချက်ကြီးကို ကြည့်တယ်၊ ချက်ကြီးလည်း ဘာပြောမလဲ။ ဘာတောင်းမလဲဆိုပြီး ပြန်ကြည့်ရင်း စောင့်နေရတယ်၊ ဘာမှမပြောပါဘူး၊ ဘာမှလည်း မတောင်းပါဘူး၊ ဖျတ်ခနဲ လှည့်ပြီး ချက်ကြီး အိမ်ပေါ်က ဆင်းလိုက်တယ်၊ ‘သွားမယ်ကွာ’ ‘ဟုတ်ကဲ့ခင်ဗျ’ ဆရာဘမင်းဟာ ယိုင်တိုင် ယိုင်တိုင်နဲ့ ထွက်သွားတယ်၊ ခြံဝမှာ ယိုင်သွားလို့ ခြံတိုင်ကို ကိုင်ထားလိုက်ရသေးတယ်၊ ခနနေမှ သူကိုယ်သူ အနိုင်နိုင်ထိန်းရင်း ထွက်သွားတယ်။ တောင်ကုန်းကလေးကို ကျော်တော့မယ့်အချိန်မှာ သိုင်းကွက်တောင် နင်းသွားသေးတယ်။ ဆရာဘမင်း တောင်ကုန်းတဖက်ကို ရောက်ပြီး ပျောက်သွားတဲ့အချိန်မှာ ချက်ကြီး သက်ပြင်းမချမိပါဘူး၊ ဘယ် သက်ပြင်းချနိုင်မလဲ။ ကပျာကယာ ပုလင်းလက်ကျန်ရှိရာကို ပြေးရ တာကိုး။ ပုလင်းက တ၀က်တောင်ကျန်သေးတာပဲ။ ချက်ကြီးလည်း အာခေါင် ခြောက်နေတာကို စိတ်ရှည်ရှည်နဲ့ ထိန်းရင်း တခွက်ငှဲ့သောက် လိုက်တယ်၊ မတ်ခွက်ထဲက ရေနဲ့ မျှောချလိုက်။ အမြည်းစားလိုက်နဲ့ လက်ကျန်ကို ရှင်းနေတယ်၊ ဘာမှမကြာလိုက်ပါဘူး။ ပုလင်းလည်း ကုန်။ ပဲလှော်ကြော်ပန်းကန်လည်း ပြောင်။ မတ်ခွက်ထဲက ရေတောင် မကျန်ဘူး။ ခနနေတော့ မြမေလည်း ပြန်ရောက်လာတယ်၊ အမြဲတမ်း မိန်းမ ကြောက်ရတဲ့ ချက်ကြီးက မူးပြီးဆဲလို့တဲ့။ လင်မယားနှစ်ယောက် ရန်ဖြစ်လိုက်ကြတာ ချက်ကြီး နောက်စေ့ကွဲသွားမှ ပွဲပြီးသွားဆိုပဲ၊ ၊ ၁၉၉၀ ခုနှစ်။ ဇွန်။ မဟေသီမှ --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Wonderful_light" group. To post to this group, send email to [email protected] To unsubscribe from this group, send email to [EMAIL PROTECTED] For more options, visit this group at http://groups.google.com/group/inurmind?hl=en -~----------~----~----~----~------~----~------~--~---
